ကျွန်မ စိတ်ထဲကတွက်ကြည့်နေမိတယ်။ ဒီအချိန်ထိရထားပေါ်ကိုမရောက်သေးဘူးဆိုတော့ ဒီနေ့တော့ရုံးကို ၅မိနစ် ကျော်ကျော်လောက်နောက်ကျပြီးမှရောက်တော့မှာသေချာနေပြီ။ တနင်္လာနေ့ ဆိုတော့ စနေ ၊ တနင်္ဂနွေ ရဲ့နောက်ကျမှ အိပ်ရာကထတဲ့ အကျင့်ကပါနေတော့ ဒီနေ့လည်း အိပ်ရာကချက်ချင်းထမရဘဲ ပြန်နှပ်နေလိုက်တာ အခုတော့.... ရုံးရောက်တာနဲ့ ၉နာရီမထိုးခင်ထဲက Meeting ခန်းထဲမှာထိုင်စောင့်နေမယ့် Boss မျက်နှာကြီးကိုမြင်ယောင်မိပြီးစိတ်ပျက်သွားတယ်။ ပုံမှန်တခြားနေ့တွေမှာ ရုံးနောက်ကျရင် သိပ်ပြဿနာမရှိပေမယ့် တနင်္လာနေ့ ဆိုရင်တော့ အစည်းအဝေးခန်းထဲမှာ အခြားလူတွေရဲ့ရှေ့မှာ နောက်ကျပြီးမှဝင်သွားရတာ... အထူးသဖြင့်တော့ Boss လှမ်းကြည့်လိုက်မယ့် နောက်ကျတယ်ဆိုတဲ့ အကြည့်မျိုးကို ရင်မဆိုင်ချင်ပါ။ ဘာမှနှုတ်ကမပြောပေမယ့် တစ်ခါတစ်လေကျတော့လည်း ပြောလိုက်မှ နဲနဲဖြေရှင်းလို့ ရနိုင်သေးတယ်မဟုတ်လား။ ဒီအချိန်ဆို ရထားကလည်းရုံးချိန်မို့ ကြပ်တတ်တာနဲ့တော့ အခန့်မသင့်ရင် ဒီရထားပေါ်တတ်မရရင်နောက်တစ်စီးထပ်စောင့်ရမှဖြင့်.... နဲနဲစိတ်ထဲလေးလာသလိုပဲ။ ဘေးဘီကိုကြည့်လိုက်တော့ ကိုယ်လိုပဲအားလုံးက ရုံးကိုအချန်မှီရောက်ဖို့ စိတ်စောနေကြတဲ့ လူတွေပဲထင်ပါတယ်။ နာရီတကြည့်ကြည့်နဲ့ ရထားကိုမျှော်နေကြတယ်။ ကျွန်မခုမှသတိထားမိတယ် ကျွန်မနဲ့သိပ်အသက်မကွာလောက်မယ့် ကိုယ်ဝန်သည်မိန်းမတစ်ယောက်ကကျွန်မရှေ့နားလောက်မှာ သူလည်းရထားစောင့်နေတာပဲ။ ကျွန်မ သူ့ကိုကြည့်ပြီး စဉ်းစားမိတယ်... သူ့ကိုယ်ဝန်က ဘယ်နှစ်လလောက်ဖြစ်မလဲတော့ ကျွန်မ မသိပါ... တော်တော်တော့ပူနေတာသိသာပါတယ် သြော် သူ့လည်းမသွားမဖြစ်လို့သွားရတာနေမှာပေါ့ ရုံးပဲသွားတာဖြစ်နိုင်ပါတယ် မဟုတ်ရင်တော့ ဒီလို ရထားကြပ်တဲ့အချိန်မျိုးဘယ်သွားမလဲ... ကိုယ်နဲ့ဘာမှ မဆီမဆိုင်... ကျွန်မ လျှောက်စဉ်းစားနေမိတယ်။ ရထားလာတော့ သူကကျွန်မရှေ့ကတတ်ပါတယ်။ ကျွန်မထင်တဲ့အတိုင်း ရထားကနဲနဲကြပ်ကြပ်ညက်ညက်လေးဖြစ်နေပါတယ်။ ဒါပေမယ့် ရထားပေါ်ရောက်သွားလို့ပဲ ကျေးဇူးတင်နေရသေးတယ်။
နောက်တစ်ဘူတာလောက်ကျတော့ နဲနဲအထဲကို ဝင်လို့ရသွားတယ်။ ဟိုကိုယ်ဝန်သည်အမျိုးသမီးလည်းအထဲကိုလိုက်ဝင်တယ်။ သူ့ကိုကြည့်ရတာက မသက်မသာ.. ဘယ်သက်သာနိုင်မလဲ။ ဒီလောက်လူတွေကြားထဲမှာ လက်တစ်ဖက်က တန်းကိုကိုင်ထားတယ်။ နောက်လက်တစ်ဖက်က သူမရဲ့ဗိုက်ကြီးကို မ ထားတယ်။ ကျွန်မ သက်ပြင်းချမိပြန်ရော။ တကယ်တော့ ရထားတွဲတိုင်းမှာ Priority Seat ဆိုပြီးရှိပါတယ်။ Reserved ဆိုပြီးလည်းရေးထားပါတယ်။ ပုံလည်းဆွဲပြီးပြထားတယ် ကိုယ်ဝန်သည်ပုံ ၊ အသက်ကြီးတဲ့လူကြီးပုံ ၊ ကလေးအမေပုံ ၊ မသန်မစွမ်းလူပုံ ဒါလူတွေအတွက် Priority ထားပေးရမယ့်ခုံတွေပါ။ ဒီလိုလူတွေလာရင် ဒီနေရာကို ထ ပေးပါ ဆိုတဲ့ စာလည်းရေးထားပါတယ်။ ဝင်ဝင်ချင်းတံခါးရဲ့ ဟိုဘက်ဒီဘက် များသောအားဖြင့် နှစ်ဖက်စလုံးမှာ လေးခုံရှိပါတယ်။ သူမရပ်နေတဲ့နေရာမှာတော့ လူကြပ်နေတာကြောင့် ဖြစ်နိုင်ချေရှိတဲ့ Priority Seat ကတစ်ခုံပဲရှိနေပါတယ်။ ဒါပေမယ့် Priority Seat မဟုတ်ပဲ တခြားခုံကလူတွေလည်း သူမကို နေရာလေးပေးသင့်တယ်လို့ ကျွန်မထင်တယ်လေ။
စိတ်ဝင်တစားနဲ့ Priority Seat ကိုကြည့်လိုက်တော့ ထိုင်နေတာ သန်သန်မာမာယောင်္ကျားတစ်ယောက်ပါ။ နံရံကိုမှီပြီးအသေအချာကိုအိပ်နေတာ။ သူ့ဘေးမှာ သူ့ရဲ့ကောင်မလေး ဒါမှမဟုတ်မိန်းမဖြစ်ဟန်တူသော မိန်းကလေးကသူ့ကိုမှီပြီးအိပ်ပျော်နေပြန်ရော။ အော် လူတွေ ဘယ်နှယ့် Priority Seat မှာထိုင်ပြီးများ ကိုယ့်အိမ်ကိုယ်ယာလိုပဲ အိပ်နေကြတာ။ ကိုယ်ဝန်သည်လာလဲ ထပေးရကောင်းမှန်းမသိ ၊ အသက်အရွယ်ကြီးတဲ့ အဖိုးကြီး အဖွားကြီးလည်း နေရာပေးရမှန်းမသိ ကျွန်မစိတ်ထဲ ကြိတ်ပြီးပြောမိတယ်။ တကယ်တော့ ဒီထိုင်ခုံမှာထိုင်တဲ့သူတော်တော်များများ ကအိပ်နေကြတာများပါတယ်။ တမင်ကို နေရာဖယ်ပေးရမှာစိုးတာကြောင့် အိပ်ချင်ချင် မအိပ်ချင်ချင် အိပ်ချင်ယောင်ပဲ ဆောင်နေလိုက်တာဖြစ်နိုင်ပါတယ်။သူ့တို့နှစ်ယောက်ရဲ့ဘေးမှာတော့ အသက်နဲနဲကြီးတဲ့အဖွားကြီးထိုင်နေတယ်။ ဒါတော့ ခွင့်လွှတ်ရမယ် သူလည်းဒီအချိန်မှာထိုင်နေမှပိုအစဉ်ပြေမှာ။
နောက်တစ်ယောက်ဆက်ကြည့်လိုက်တယ် ကောင်လေးတစ်ယောက်ပါ... သူကတော့ သူ့ရဲ့ Laptop ကိုဖွင့်ပြီး ဘာတွေ အလုပ်ရူတ်နေတယ်မသိပါဘူး။ ဒီအမျိုးသမီးကို မမြင်ပဲ မမြင်တာလား ဒါမှမဟုတ် မမြင်ချင်ယောင်ဆောင်ပြီးပဲ သူ့ရဲ့ကွန်ပျူတာ screen ကိုသာသဲကြီးမဲကြီးကြည့်နေတာလား ကျွန်မ မခန့်မှန်းတတ်ပါ။
နောက်တစ်ယောက်ဆက်ကြည့်မိတယ်။ ဒီတစ်ယောက်နေရာလောက်ကတော့ နဲနဲတော့ဝေးနေပါပြီ ဒါပေမယ့်နေရာထပေးမယ်ဆိုရင်တော့ လူတွေကိုနဲနဲတိုးပြီးဝင်သွားနိုင်လောက်တဲ့အနေအထားမျိုးပါ။ ကောင်မလေးတစ်ယောက်ပါ။ သူ့ရဲ့ပေါင်ပေါ်မှာ မိန်းမကိုင်အိတ် ခပ်ကြီးကြီးတစ်လုံး ၊ အိတ်ပေါ်မှာတော့ မိတ်ကပ်ဘူး လို့ထင်ရတဲ့ဘူးမျိုးနှစ်ဘူး ၊ နောက်သေးသေးဘူးလေးတွေရော ၊ နောက်ခပ်သေးသေးအိတ်ကလေးတစ်လုံး။ သူမရဲ့လက်တစ်ဖက်ကမှန်ကိုကိုင်ပြီး နောက်တစ်ဖက်ကတော့ မျက်လုံးကိုတစ်စုံတစ်ခုနဲ့ချယ်သနေတာ။ ကျွန်မသဘောပေါက်လိုက်ပါတယ်။ ကြည့်ရတာ အိမ်ကနေမျက်နှာပဲသစ်လာပြီး ရထားပေါ်ရောက်မှ အသေအချာကို အလှပြင်နေတဲ့ပုံပါပဲ။ သူကမှန်ကိုကြည့်လိုက် အိတ်သေးသေးလေးထဲက ပစ္စည်းတစ်ခုချင်းစီကိုထုတ်လိုက် မျက်နှာကိုချယ်လိုက် အိတ်သေးလေးထဲပြန်ထည့်လိုက် တစ်ခါအိတ်ကြီးကိုဖွင့်လိုက် လုပ်နေတာ။ ဘေးမှာလူတွေရှိနေတယ်လို့တောင်ထင်ပုံမရပါဘူး။ သူ့ဘေးက ကွန်ပျူတာကြည့်နေတဲ့ကောင်လေးတော့ဘယ်လိုနည်းနဲ့များသူ့ရဲ့ကွန်ပျူတာထဲအာရုံစိုက်နေလဲ မပြောတတ်ပါ။ ကျွန်မ အဝေးကကြည့်ရတာတောင်သူ့ကြည့်ပြီး စိတ်ရူတ်နေတာ။
သူ့ဘေးကနောက်တစ်ယောက်... လူကြီးတစ်ယောက် သတင်းစာဖတ်နေတာပါ။ ဒါပေမယ့် သူ့ပုံစံကသတင်းစာဖတ်နေတာနဲ့ မတူပဲ သူ့မျက်နှာကိုတခြားသူတွေမမြင်နိုင်အောင် ကာထားတာလား ၊ တလောကလုံးကိုမကြည့်ချင်လောက်အောင်မုန်းနေတာလား ဒါမှမဟုတ်ဘေးက ကောင်မလေးကိုစိတ်ပျက်နေတာလားမသိပါ။
ကဲနောက်ဆုံးတစ်ယောက် အစွန်ဆုံးဆိုတော့ Priority Seat ပါပဲ။ ကောင်မလေးတစ်ယောက်ပါ။ သူရောဘာလုပ်နေလဲ.....ဘေးကသတင်းစာဖတ်တဲ့လူနဲ့ကွယ်နေတာကြောင့် ကျွန်မချက်ချင်းမမြင်ရသေးပါ။ ဒီလူသတင်းစာနောက်တစ်ရွက်လှန်လိုက်တဲ့ အချိန်မှာတော့ အိုး.... ကျွန်မထင်တာမလွဲပါ သူလည်းအိပ်နေတာပါပဲလား......
ဒီရထားပေါ်မှာ ဘယ်သူမှ တစ်နာရီထက်ပိုကြာအောင်စီးရတဲ့သူမရှိပါ။ ပုံမှန်လူတစ်ယောက်က ဒီတစ်နာရီလောက် မတ်တပ်ရပ်လိုက်ရတာလဲ ဘာမှဖြစ်မသွားပါ။ လူလူချင်းစာနာစိတ်ထားပြီး တကယ်ကိုလိုအပ်နေတဲ့ လူတွေအတွက်ကိုယ်ရထားတဲ့ထိုင်ခုံနေရာလေးကို ပေးပြီးကုသိုလ်ယူတတ်မယ်ဆိုရင်ဖြင့်.......
Subscribe to:
Post Comments (Atom)
အိပ်ချင်ဆောင်သူများက အဲဒီမှာလဲ ရှိတာပါပဲလား၊ ရန်ကုန်မှာလဲ ခဏခဏတွေ့ဖူးတယ်၊ ကောင်မလေးအတွက် ဘေးကအသက်အရွယ်ကြီးကြီးလူတွေလဲ ဂရုမစိုက် နေရာအတင်းလုဦးပေးတဲ့ ကောင်လေးတွေလဲ မြင်ဖူးတယ်၊ အော် .. အိပ်ချင်ယောင်ဆောင်သူများ .. တဲ့ ၊ ဗရာဗို ဖတ်လို့ကောင်းတယ်၊ ဆက်ရေးပါဦး၊
ReplyDelete