Monday, October 26, 2009

သူငယ်ချင်းလေးပါပဲ

ကျွန်မ ကွန်ပျူတာကိုဖွင့်ပြီး Online ၀င်လိုက်တယ်။ ဒီအချိန်ဆို သူရှိနေရမယ့်အချိန်ပဲ။ ဒါပေမယ့် သူ့ကိုမတွေ့ရဘူး။ သူ့ကို Online မှာ
မတွေ့ဖြစ်တာ တော်တော်ကြာနေပြီ။ ညက ကျွန်မ သူ့ကိုအိပ်မက်မက်ခဲ့တဲ့
အိပ်မက်ကလည်း မကောင်းတော့ ကျွန်မပိုပြီး စိတ်ပူနေမိတယ်။ အလုပ်ရူတ်နေလို့ Online မ၀င်နိုင်တာပဲဖြစ်ပါစေလို့ ကျွန်မဆုတောင်းနေမိပါသေးတယ်။
တကယ်ဆိုကျွန်မသူ့ကို စိတ်ပူနေဖို့မကောင်းပါ။ သူ့အတွက် ကျွန်မကခုလိုဖြစ်မနေသင့်တော့ပါ။ သူနဲ့ကျွန်မရဲ့လက်ရှိ အခြေအနေကိုကျွန်မ မသိတာမဟုတ်။
သူကိုယ်တိုင်ကလဲ ၀န်ခံပြီးသားဖြစ် ကျွန်မကိုယ်တိုင်ကလဲ သိပြီးသားဖြစ်တဲ့ ဒီအခြေအနေကို ကျွန်မ ပြောင်းလဲဖို့မကြိုးစားပါဘူး။ ကျွန်မရဲ့စိတ်ကိုပဲပြောင်းလဲဖို့ကြိုးစားမှာပါ ဒါပေမယ့်လည်း ဘယ်လိုမှ ချက်ချင်း မဖြစ်နိုင်ဘူးဆိုတာ ကျွန်မသိပါတယ်။

သူနဲ့ကျွန်မအလုပ်တစ်ခုမှာတူတူလုပ်ခဲ့ဘူးတယ် ၊ မရေတွက်နိုင်တဲ့ အမှတ်တရတွေလည်းအများကြီးပါ။ သူနဲ့ကျွန်မကို အားလုံးကချစ်သူတွေလို့ထင်ကြပေမယ့် တကယ်တမ်းမှာတော့ ကျွန်မရဲ့ မပြတ်သားတဲ့စိတ်တွေ ပျော့ညံ့တဲ့စိတ်တွေ ကြောင့်တိကျတဲ့အဖြေတစ်ခုကိုကျွန်မ မပေးနိုင်ခဲ့ဘူး။ သူနိုင်ငံခြားသွားတော့မယ်လို့ဖွင့်ပြောတဲ့အချိန် ကျွန်မရဲ့အချစ်ကို သူတောင်းခဲ့တဲ့အချိန် ၊ အဲဒါတွေကိုကျွန်မခုချိန်ထိမှတ်မိနေတုန်းပါပဲ။
သူ့ဆီကအဆက်မပြတ် စာတွေ အီးမေးတွေ ရပေမယ့် ကျွန်မဘက်ကတော့ အင်တာနက်ကိုရုံးမှာပဲသုံးဖြစ်တာ ၊ တစ်ခါတစ်လေလည်း အလုပ်ရူတ်နေလို့စာမပြန်နိုင်တာတွေလည်းရှိပါတယ်။
သူထွက်သွားပြီးသိပ်မကြာခင်မှာပဲ သူနဲ့မတူတဲ့နိုင်ငံတစ်ခုမှာ ကျွန်မလည်းကျောင်းတတ်ဖို့အခွင့်အရေးတစ်ခု မမျှော်လင့်ပဲရလာခဲ့တယ်။ သူကကျွန်မထက်တောင် ပိုပြီးတော့ဝမ်းသာနေခဲ့တာပဲ။
ဒါပေမယ့် ဒါဟာသူနဲ့ကျွန်မကိုဝေးသွားစေမဲ့ အကြောင်းတစ်ခုလို့တော့ကျွန်မလုံးဝမသိခဲ့ပါဘူး။ ကျောင်းစာတွေကခက် ၊ သူများနိုင်ငံမှာစကားပြောရတာကအစ အဆင်မပြေ ၊ မိသားစုနဲ့ခွဲနေရတဲ့ ဒုက္ခ ၊ Assignment တွေ Exam တွေကြားထဲမှာ ကျွန်မသူ့ကိုအရေးမစိုက်နိုင်တော့ပါဘူး။ တစ်ခါတလေ သူ့ဆီက အီးမေးတွေကိုတောင် ကျွန်မကုန်အောင်မဖတ်နိုင်တော့ပါဘူး။ သူဆက်တဲ့ ဖုံးတွေကိုလည်းကျွန်မရဲ့ Stress တွေနဲ့ရောပြီး အော်ငေါက်ပစ်ခဲ့တာ ဖုံးကိုလုံးဝမကိုင်နိုင်ခဲ့တာလည်းအကြိမ်ကြိမ်ပါပဲ။ Online မှာလည်းသူက chat ဖို့ကြိုးစားပေမယ့် ကျွန်မ သူ့ ကိုပြန်ပြီး chat ဖို့အချိန်မရခဲ့တာ။
ကျောင်းပြီးတော့လည်း အလုပ်တစ်ခုရဖို့အရေး အလုပ်မှာနေသားတကျဖြစ်ဖို့အရေး အစဉ်ပြေဖို့ အရေး...အရေးပေါင်းများစွာနဲ့ ကျွန်မ ဂျင်ဂျင်လည်ခဲ့တာ။
သူအပါအ၀င် ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ရော လောကကြီးနဲ့ပါ တော်တော်လေး အဆက်ပြတ်သွားခဲ့တာ။
ကျွန်မတော်တော်လေး အခြေတကျ ဖြစ်လာလို့ ကျွန်မရဲ့ပတ်ဝန်းကျင်ကို သတိထားမိလိုက်တဲ့ အချိန်မှာတော့... အရာတော်တော်များများပြောင်းလဲသွားတယ်ဆိုတာပါပဲ။
တစ်ချို့သူငယ်ချင်တွေ အိမ်ထောင်ကျသွားကြတာ ၊ အိမ်ထောင်ကျပြီးသားသူတွေလည်း ကလေးတွေရနေကြတာ။
ကျွန်မအံ့အားသင့်နေမိတာတော့ ဒီလောက်ကြာအောင် ကျွန်မလောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားတာလားဆိုတာပါပဲ။
သူရော....ကျွန်မဆီကိုဖုံးမဆက်တာတော်တော်ကြာပြီပဲ။ ခုမှ သူနဲ့ကျွန်မ အဆက်အသွယ်ပြတ်နေခဲ့တာ တော်တော်ကြာပြီဆိုတာ ပိုပြီးသတိထားမိတယ်။
ဟုတ်တယ် သူကောင်မလေးတစ်ယောက်နဲ့တရားဝင်ရည်းစားဖြစ်သွားပြီဆိုတာပဲ။ ကျွန်မ ရင်တစ်ခုလုံးပေါက်ကွဲ
သွားရလောက်အောင် ကျွန်မအရမ်းစိတ်ထိခိုက်ဝမ်းနည်းမိရပါပြီ...
ဒါမဖြစ်နိုင်ဘူး သူကျွန်မကိုသိပ်ချစ်ခဲ့တာ သူဒီလောက်မြန်မြန်ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်မ မထင်ဘူး။
တကယ်ကို သူ ကျွန်မကိုစိတ်ကုန်သွားတာလား။ ကျွန်မ သူ့ ကို ဥပေက္ခာ ပြုခဲ့တာတော့မဟုတ်။ သူကျွန်မကို အကြိမ်ကြိမ်ဖုံးဆက်ခဲ့တာ။
ကျွန်မ ကိုယ့်ဟာကိုယ်အလုပ်ရူတ်နေလို့ သူ့ဖုံးတွေကိုမကိုင်နိုင်ခဲ့တာ ၊ သူ့ကိုဘုတောပြီး ဖုံးမဆက်ဖို့ပြောခဲ့တာ ၊ နိုင်ငံမတူတော့ ကွဲလွဲတဲ့
အချိန်ကွာခြားမှုကြောင့် သူ့ရဲ့အိပ်ချိန်တွေမှာ ကျွန်မဆီကို ဖုံးဆက်ခဲ့တာမှန်ပါတယ် ကျွန်မအလေးမထားခဲ့တာမဟုတ်ပါဘူး။

ခုလိုဆုံးရှူံးရပြီလို့သိလိုက်ရတဲ့အချိန်မှာတော့
ကျွန်မရဲ့မာနကိုပဲထိခိုက်စေတာလား တကယ်ပဲကြေကွဲနေတာလား ကျွန်မ မခွဲခြားတတ်ပါ။
ဒါပေမယ့်သေချာတာ တစ်ခုကတော့ ကျွန်မသူ့ကိုချစ်ခဲ့တယ်ဆိုတာပဲ။
ခုချိန်ထိလည်းချစ်နေသေးတယ်ဆိုတာပါပဲ။
ဒါပေမယ့် အရင်တုန်းကလည်း သူငယ်ချင်း ခုလည်းသူငယ်ချင်းလေးပါပဲ.....

မှတ်ချက် - ကျွန်မ အကြောင်းရေးသားထားခြင်းမဟုတ်ပါ။ စိတ်ကူးယဉ်ထားခြင်းသာဖြစ်ပါသည်။

2 comments:

  1. ein ma tan read lo kaung per ei...but,
    read pee khoe lo khoe lu dot phit nay par e.:-P
    just kidding....

    ReplyDelete
  2. sis, nice post. keep it up!!
    by the way, i'm wondering sthg about this one! :P

    ReplyDelete