Saturday, April 3, 2010

မရှိမဖြစ်.....သူ

ကိုယ့်ရဲ့တစ်ဦးတည်းသောအဖော်က သူပဲလေ။
မိုးလင်းလို့ အိပ်ယာကထတာနဲ့ ပထမဆုံးလုပ်ဖြစ်တာက ကိုယ်ဘယ်မှသွားစရာမရှိတဲ့နေ့မျိုးဆို သူ့ကိုလည်းချက်ချင်းနှိုးတာပဲ။ ကိုယ်နဲ့အတူသူလည်းအိပ်ယာကထရတာပဲ။
ကိုယ်အပြင်သွားမယ်ဆိုရင်တော့ သူကောင်းကောင်းဆက်ပြီးအိပ်နေခဲ့ပေါ့။ ကိုယ်ရုံးသွားတဲ့နေ့တွေဆိုရင်တော့ သူအိမ်မှာ ကောင်းကောင်းအိပ်နေပေတော့ပဲ။
သူ့ကိုဘယ်သူမှ လာမခိုင်းဘူးလေ။ အနှောင့်အယှက်ကင်းကင်းနဲ့ပဲ။ ဒါပေမယ့်သူလည်းတစ်ယောက်ထဲပျင်းနေမှာပါပဲ။ ကိုယ်ပြန်လာမှ သူ့မှာလည်း အပျင်းပြေ။ သူလုပ်စရာရှိတာတွေကို တတ်တတ်ကြွကြွလုပ်။
ကိုယ်အပြင်သွားရင်တော့ သူ့ကိုအိမ်မှာပဲ ကောင်းကောင်းအနားယူဖို့ထားခဲ့လေရဲ့။ တခြားအချိန်တွေတော့သူက ကိုယ့်ရဲ့အနားမှာပဲ။
ညမအိပ်ခင်ထိသူက ကိုယ်နဲ့အတူရှိနေလေရဲ့။
အိပ်ချိန်ရောက်ရင်တော့သူ့ကိုလည်းအနားပေး ကိုယ်လည်းအနားယူ။
သူကလည်း တစ်ချိန်လုံးပဲသူ့ကိုခိုင်းနေရကောင်းလားဆိုပြီး စိတ်ဆိုးတတ်တာမဟုတ်။ ကိုယ်ခိုင်းချင်ရာခိုင်း။
သူလုပ်နိုင်တာအားလုံးလုပ်နေတာကိုး။ ဒါပေမယ့်သူနေမကောင်းဖြစ်တာလေးတွေတော့ရှိတယ်။
သူသာမရှိရင်ကိုယ်တော်တော် ပျင်းနေမှာ။ ကိုယ်တော်တော်ခံစားရမှာ။ ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ စကားပြောနိုင်အောင် ၊ စာအဆက်အသွယ်တွေရအောင်သူလုပ်ပေးတာ။
ကိုယ်ကသီချင်းလေးနားထောင်ချင်တယ်ဆိုရင်လည်းအစဉ်ပြေတာပဲ ၊ ကိုယ်ကသိပ်ပျင်းနေပြီကွာ...ရုပ်ရှင်လေးပြပါအုံးဆိုလည်း သူကမငြီးငြူဘူး။
တစ်ခါတလေတော့ ကိုယ်က game ဆော့ချင်ပြန်ရော။ သူကတော့ ဒါဆိုလည်း အေးဆေး game ဆော့လို့ရအောင်လုပ်ပေးပြန်တာပဲ။
ဟိုတစ်နေ့ကတော့ သူဘာဖြစ်သွားလဲမသိဘူး။ ကိုယ်ဘာမှသူ့ကိုခိုင်းလို့မရတော့ဘူး။ သူဘာမှအလုပ်မလုပ်တော့ဘူး။
ကိုယ့်ကိုစိတ်ဆိုးသွားပြီထင်တယ်။ နောက်မှသိရတာက သူတော်တော်နေမကောင်းဖြစ်သွားတာ။ အဲဒီတော့မှ ကိုယ်လဲ စိတ်ပူပြီး သူ့ကိုဆေးကုရတာပေါ့။
ကိုယ်က ဆေးကုတတ်တာတော့မဟုတ်ဘူး။ ဒါပေမယ့် ဒီလိုပဲ သိတဲ့လူတွေကို ဟိုမေး ဒီမေးလုပ်ပြီး... ဟိုလုပ်ဒီလုပ်။
သူကိုယ့်ဆီ ရောက်လာတာတစ်နှစ်ကျော်နှစ်နှစ်နီးပါးလောက်တော့ရှိပြီ။ အဲဒီအတောအတွင်းလဲ ကိုယ်သူ့ကိုပြုပြင်ပြောင်းလဲထားတာတွေတော့ရှိတာပေါ့လေ။
ကိုယ်သုံးချင်တာလေးတွေ လွယ်လွယ်ကူကူသုံးရအောင်ပေါ့။
တစ်ခါတုံးကတော့သူ့ကိုအိမ်မှာဘယ်လိုမှ ဆေးကုလို့မရတဲ့အဆုံး ဆေးရုံတင်လိုက်ရတယ်။
သူ့ရဲ့အထဲကမှတ်ညဏ်တစ်ချို့ပျက်စီးသွားလို့ အစားထိုးလိုက်ရတယ်။ ခုတစ်ခါကတော့ အရင်တစ်ခေါက်လောက်မဆိုးဘူး။ အဲဒီတော့ အိမ်မှာပဲဆေးမီးတိုလေးနဲ့ကုကြည့်တယ်။
ခုတော့ဘယ်လိုမှ မရတော့တဲ့အဆုံးမှာတော့ သူ့ကို နဂိုပုံစံလေး ကိုယ့်ဆီကိုရောက်လာတုံးက အခြေအနေလေးနဲ့ပဲ အကောင်းဆုံးဖြစ်အောင်လုပ်ယူလိုက်ရတယ်။
နောက်ဆုံးတော့ သူ့ပြန်ကောင်းလာတယ်။ ကိုယ့်ဆီကိုစရောက်တုံးကပုံစံလေးအတိုင်းပါပဲ ပေါ့ပါးသွက်လက်လို့ပေါ့။ ကိုယ့်မှာတော့ ဖတ်ဖတ်ကိုမောသွားတာပဲ......ကိုယ့်ရဲ့တစ်ခုတည်းသော ကွန်ပျုတာလေးပါ။
Hard disk ကို Format ချပစ်လိုက်မှပဲ အိုကေသွားတော့တယ်။ :-)

ကိုယ့်ရွာမှာတော့ကြက်ဖ ၊ သူများရွာမှာတော့ ကြက်မ

တစ်ခါတုံးက အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်လေးတစ်ခုမှာရှိတဲ့ တိရိစ္ဆာန်ရုံ တစ်ခုမှာ ခြင်္သေ့တစ်ကောင်ရှိသတဲ့။
အဲဒီခြင်္သေ့ကြီးဟာ တစ်နေ့ကို အသား 1 kg လောက် ပဲစားရလို့ အလွန်အမင်းစိတ်မကျေမနပ်ဖြစ်တယ်တဲ့။
နောက်ပြီးအမြဲတမ်းလဲတွေးနေတယ် ဒီလိုတောမြို့က တိရိစ္ဆာန်ရုံမှာနေရတာကိုလည်း တွေးတွေးပြီးစိတ်မချမ်းသာဖြစ်နေတယ်။
တခြားကောင်းတဲ့နိုင်ငံကြီးတွေကိုလည်းသွားချင်နေလေရဲ့။ အသားများများပိုစားချင်တာကိုး။ ဒီလိုနဲ့တစ်နေ့တော့ သူ့ဆန္ဒတွေပြည့်ဝဖို့ အကြောင်းဖန်လာတယ်။
ဘာလဲဆိုတော့လူနှစ်ယောက်က သူ့ကိုပြောတယ်လေ သူ့ကို အမေရိကန်က တိရစ္ဆာန်ရုံတစ်ခုကိုပို့ချင်တဲ့အကြောင်း။
ခြင်္သေ့ကြီးက အလွန်အလွန့်ကိုပဲ ၀မ်းသာသွားတယ်။ ဒါဟာသူ့အတွက်တကယ့်ကိုအခွင့်အရေးကြီးတစ်ခုပဲ။
နောက်ပြီးစဉ်းစားတယ်...ဟိုရောက်ရင်တော့ တစ်နေ့ကို ဆိတ်တစ်ကောင်စားရမှာလား ဆိတ်နှစ်ကောင်လားဆိုပြီး စိတ်ကူးတွေယဉ်နေလေရဲ့။
အဲလိုနဲ့ သူ့ကို အမေရိကန် ကိုပို့လိုက်ကြတယ်။ ရောက်တဲ့နေ့မှာပဲ သူ့အတွက်ဆိုပြီးတော့ ကောင်လေးတစ်ယောက်ကအစာလာပေးတယ် အိပ်ကြီးတစ်လုံးပါ။
ဒါနဲ့သူကတကိုယ်တည်းပြောတယ်။ ဟာ...တွေ့လား အိပ်ကြီးက အကြီးကြီးပဲ ဆိတ်တစ်ကောင်လောက်တော့ရှိမယ်ပေါ့။
ကမန်းကတန်းအိပ်ကိုဖွင့်ကြည့်လိုက်တော့ သူထင်သလိုမဟုတ်ပဲ အထဲမှာ ငှက်ပျောသီးတွေဖြစ်နေတယ်။ သူစိတ်ထင် သူ့ကိုမှားပြီးလာပေးတယ်ပေါ့။
နောက်တစ်ရက်ရောက်ပြန်တော့လဲ ငှက်ပျောသီးပဲဖြစ်နေတယ်။ သုံးရက်မြောက်နေ့ကျတော့ သူဘယ်လိုမှ စိတ်မထိန်းနိုင်တော့ဘူး.. အရမ်းလည်းဒေါသထွက်နေပြီ။
အဲဒါနဲ့ အစာလာပေးတဲ့ကောင်လေးကိုလှမ်းခေါ်ပြီးတော့ပြောတယ်... သိပ်ကိုဒေါသထွက်နေတော့လေသံမာမာနဲ့ ငါဟာခြင်္သေ့ တောဘုရင်ဖြစ်တယ်။
နေ့တိုင်းငှက်ပျောသီးလာကျွေးနေတာဟာ ငါ့ကိုစနောက်နေသလိုဖြစ်နေတယ်။
ငါဟာ အသားပဲစားတာဆိုတာ သိမှသိရဲ့လား..ဘာလားပေါ့ သိပ်ကိုစိတ်ဆိုးနေတာကိုး။ ဒါနဲ့ကောင်လေးကရိုရိုသေသေလေးနဲ့ပြန်ပြောတယ်။
ဟုတ်ပါတယ် ခြင်္သေ့မင်း...ခြင်္သေ့မင်းဟာတောဘုရင်ဆိုတာလဲသိပါတယ်။ အသားပဲစားတယ်ဆိုတာလည်းသိပါတယ်။
အခုဘာဖြစ်လို့ ခြင်္သေ့မင်းကို ငှက်ပျောသီးကျွေးရလဲဆိုတော့ ခြင်္သေ့မင်း ဒီကိုလာတာဟာ ခြင်္သေ့ ဗီဇာနဲ့လာတာမဟုတ်ပါဘူး...
မျောက်ဗီဇာနဲ့လာရလို့ ငှက်ပျောသီးပဲ ကျွေးရတာပါလို့ယဉ်ကျေးစွာပြန်ပြောပါတယ်။
ပုံပြင်လေးကတော့ဒီလောက်ပါပဲ။ ကျွန်တော်တို့တွေလည်း သူများနိုင်ငံမှာ အလုပ်လာလုပ်ကြတယ် အကြောင်းအမျိုးမျိုးနဲ့လာကြတယ်။
ကိုယ်အိမ်မှာတော့ ကိုယ်ကရှင်ဘုရင်ဖြစ်ကောင်းဖြစ်မှာပါ... သူများဆီမှာတော့ ဘုရင်မဖြစ်နိုင်တာ ၉၉ရာခိုင်နှုံးသေချာပါတယ်။
ဘာဖြစ်မလဲဆိုတာတော့တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ ကျွန်တော်လည်းမသိပါဘူး.... :-P
မြန်မာစကားပုံမှာလဲ ရှိပါတယ်... လူကြီးတွေပြောတာကြားဖူးတာတော့....
ကိုယ့်ရွာမှာတော့ကြက်ဖ ၊ သူများရွာမှာတော့ ကြက်မ.....မှားရင်လည်းပြင်ပေးကြပါအုံး...:-)