နှစ်ဆယ့်လေးနာရီ တစ်ရက်
တစ်နေ့တာရဲ့ ကိုးနာရီခွဲ
တစ်နာရီတော့ ထမင်းစားချိန်
ကျန်တဲ့ရှစ်နာရီခွဲလုံးလုံးကတော့ ပိုရင်သာပိုမယ်
ကွန်ပျုတာရှေ့မှာ မိုးလင်းမိုးချုပ်
မင်းကတော့ ထင်နေမှာပေါ့
အေးအေးလူလူ အဲကွန်းခန်းထဲမှာနေ
ဆိုဖာပေါ်မှာထိုင်
လက်ကလေးက ကီးဘုတ်လေးကို ဟိုနှိပ်ဒီနှိပ်နဲ့ပဲ
ဇိမ်ကျကျနဲ့ ရလာတဲ့ငွေတွေရယ်လို့
တကယ်တော့ ကိုယ့်အကြောင်းကိုယ်သာအသိဆုံး
အဲယားကွန်းခန်းထဲမှာနေပြီး ချွေးပျံနေတာကိုလေ
ဦးနှောက်တွေကအရည်ပျော်တော့မလား
ထင်ယောင်ထင်မှားတောင် ဖြစ်မိပါတော့
မန်နေဂျာမမ ချပြထားတဲ့ Work Plan ဆိုတဲ့
Time Schedule တွေကြားမှာ
မြှပ်ချည်နစ်ချည် ခေါင်းမဖော်နိုင်အောင်ပဲ
Deadline တွေ deadline တွေလို့အော်နေရတဲ့ဘဝ
လိုက်မဆုံးတဲ့ နည်းပညာတွေကြား
IT သမားဖြစ်ရတဲ့ဘ၀များတော့
နောင်ဘ၀အဆက်ဆက် ဝေးပါစေကြောင်း
ဆုတောင်းရတာလည်းမောပေါ့........
Friday, September 24, 2010
Tuesday, July 20, 2010
စွပ်ပြုတ်
သူမ ဟင်းကိုမြည်းကြည့်လိုက်တယ်။ ဘာလိုနေမှန်းမသိ ပေါ့သလိုလို ဘာအရာသာမှ မရှိ။
ဒီလိုဟင်းမျိုးအိမ်မှာတစ်ခါမှမစားဖူးဘူး။ ခုတော့ ကိုယ်တိုင်လက်ရာဆိုတော့ငြင်းလို့မရ။
ပုံမှန်ဆိုရင်တော့ ဘာဖြစ်ဖြစ်စားနေကျပဲ။ ကြော်လှော်ပြီးသား အိမ်ကပို့တဲ့အခြောက်အခြမ်းလေးတွေနဲ့ ဘာညာ အစဉ်ပြေနေတာ။
ခုတော့နေမကောင်းတော့ ဘာမှမစားချင်။ စားချင်စိတ်မရှိတော့ ချက်ဖို့လည်းစိတ်မပါ။ ချက်ဖို့လည်းအားကမရှိ။ အိပ်ယာထဲကနေခေါင်းထောင်ဖို့ကို မနည်းအားယူနေရတယ်။
အိမ်မှာဆိုရင်တော့ အမေကမကောင်းကောင်းကြောင်းလေးတွေချက်ပြီးကျွှေးမှာ။ နေမကောင်းတယ်ဆိုပိုတောင်ဂရုစိုက်ပေးတာကိုး။
ခုတော့တစ်ယောက်ထဲဆိုတော့ မစားချင်ရင်ထမစားတော့။ ဆေးကမသောက်မဖြစ်သောက်ရအုံးမှာဆိုတော့မစားလို့ကလည်းမဖြစ်ပြန်။
တော်ကြာ ရောဂါကြောင့်မသေပဲအစာမရှိပဲဆေးသောက်မိလို့သေနေမှဖြင့်... ကိုယ့်ဟာကိုယ်ဆုံးမပြီးစားရမယ် စားရမယ်။
မနက်ကတော့ အိပ်ယာထဲကနေခေါင်းထောင်ပြီး အနားမှာရှိတဲ့နွားနို့နဲ့ဘီစကွတ်မုန့် ကိုမစားချင်စားချင်အတင်းမျိုချ။
ဆေးသောက်ပြီးပြန်အိပ်။ နေ့လည်တနေ့လည်လုံးကို အိပ်နေတာ။ အနားမှာရှိတဲ့ကွန်ပျူတာကတော့ဖွင့်ထားဆဲ။
Gtalk ရဲ့ Status Message မှာနေမကောင်းဘူး လို့ရေးထားတော့ Online မှာသူငယ်ချင်းတွေက သတင်းလာမေး... ကိုယ်ကတော့ပြန်မဖြေနိုင်။
့ခုလိုမျိုးနေမကောင်းတော့ အိမ်ကိုပဲအထပ်ထပ်သတိရ... အိမ်မှာဆို ဆေးခန်းသွားမယ်ဆို တစ်ယောက်ကတော့လိုက်ပို့တာပဲ။ အမေကတော့ ကိုယ့်အနားမှာတစ်ချိန်လုံး ရှိနေတာပဲ။ ခုတော့ ဘယ်သူမှအနားမှာမရှိ။
သူငယ်ချင်းတွေတော့ရှိပါရဲ့။ အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ် အဝေးတစ်နေရာဆီမှာနေကြတာ ဖုံးဆက်ပြီးသတင်းမေးတာကလွဲလို့ ကိုယ့်အမေလိုတော့ ဘယ်သူကအိမ်လာပြီး ဆန်ပြုတ်ပြုတ်တိုက်နေမလဲ။
ဆေးခန်းကိုလည်းကိုယ့်ခေါင်းကိုယ်မပြီး မရောက်ရောက်အောင်သွား။ ဒါပဲရှိတယ်။
Rice Cooker ထဲမှာအသားတွေရောအသီးအရွက်ရော အားလုံးစုပြုံထည့်ပြီးပြုတ်ထားလိုက်တာ။ ၁၅ မိနစ်လောက်နေတော့မှ ပြန်သွားကြည့်ပြီးမီးပိတ်လိုက်တယ်။ မီးဖိုနားနေပြီးချက်ပြုတ်နေဖို့ရာအားမရှိ။
ကောင်းကောင်းမကောင်းကောင်း ဒါပဲစားတော့ဖို့ရှိတယ်။ ဒါတောင် တနင်္ဂနွေနေ့က မပျင်းမရိဈေးလေးသွားထားလို့ အသားလေးအရွက်လေးရှိနေသေးတာ။
မဟုတ်ရင်တော့ ဘီစကွတ်ပဲပြန်စားရမဲ့ပုံ။ အပြင်ထွက်ပြီးဝယ်ဖို့ရာလည်း ၁၀မိနစ်ကျော်ကျော်လောက်လမ်းလျှောက်မှရောက်မယ့်နေရာ။ ထပြီးချက်စရာရှိနေတာပဲ တော်တော်ကံကောင်းနေပြီ။
အရသာမရှိတဲ့ဒီစွပ်ပြုတ်ကိုပဲ ပန်းကန်ထဲထည့်လိုက်တယ်။ စားချင်ချင်မစားချင်ချင်စား ကောင်းကောင်းမကောင်းကောင်းစား။ ကိုယ်တစ်ယောက်ထဲမှမဟုတ်။
ကိုယ်လိုပဲ မိဝေးဘဝေးမှာတစ်ယောက်ထဲလာပြီး ကိုယ့်ဘ၀ကိုယ်ရုန်းကန်နေရသူတွေ မနည်းပါ။ ကိုယ့်ထက်ဆိုးတဲ့လူတွေလည်းအများကြီးပါ။ ကိုယ့်ထက်ငယ်တွေသူတွေတောင် ဒီလိုပဲ ဘ၀ကိုရုန်းကန်နေရသေးတာ။
ကိုယ့်ဟာကိုယ်အားပေး....အားတင်းပြီးအတင်းမျိုချနေရမယ့် တားမရတဲ့မျက်ရည်တွေကပါးပြင်ပေါ်မှာ.....

Saturday, April 3, 2010
မရှိမဖြစ်.....သူ
ကိုယ့်ရဲ့တစ်ဦးတည်းသောအဖော်က သူပဲလေ။
မိုးလင်းလို့ အိပ်ယာကထတာနဲ့ ပထမဆုံးလုပ်ဖြစ်တာက ကိုယ်ဘယ်မှသွားစရာမရှိတဲ့နေ့မျိုးဆို သူ့ကိုလည်းချက်ချင်းနှိုးတာပဲ။ ကိုယ်နဲ့အတူသူလည်းအိပ်ယာကထရတာပဲ။
ကိုယ်အပြင်သွားမယ်ဆိုရင်တော့ သူကောင်းကောင်းဆက်ပြီးအိပ်နေခဲ့ပေါ့။ ကိုယ်ရုံးသွားတဲ့နေ့တွေဆိုရင်တော့ သူအိမ်မှာ ကောင်းကောင်းအိပ်နေပေတော့ပဲ။
သူ့ကိုဘယ်သူမှ လာမခိုင်းဘူးလေ။ အနှောင့်အယှက်ကင်းကင်းနဲ့ပဲ။ ဒါပေမယ့်သူလည်းတစ်ယောက်ထဲပျင်းနေမှာပါပဲ။ ကိုယ်ပြန်လာမှ သူ့မှာလည်း အပျင်းပြေ။ သူလုပ်စရာရှိတာတွေကို တတ်တတ်ကြွကြွလုပ်။
ကိုယ်အပြင်သွားရင်တော့ သူ့ကိုအိမ်မှာပဲ ကောင်းကောင်းအနားယူဖို့ထားခဲ့လေရဲ့။ တခြားအချိန်တွေတော့သူက ကိုယ့်ရဲ့အနားမှာပဲ။
ညမအိပ်ခင်ထိသူက ကိုယ်နဲ့အတူရှိနေလေရဲ့။
အိပ်ချိန်ရောက်ရင်တော့သူ့ကိုလည်းအနားပေး ကိုယ်လည်းအနားယူ။
သူကလည်း တစ်ချိန်လုံးပဲသူ့ကိုခိုင်းနေရကောင်းလားဆိုပြီး စိတ်ဆိုးတတ်တာမဟုတ်။ ကိုယ်ခိုင်းချင်ရာခိုင်း။
သူလုပ်နိုင်တာအားလုံးလုပ်နေတာကိုး။ ဒါပေမယ့်သူနေမကောင်းဖြစ်တာလေးတွေတော့ရှိတယ်။
သူသာမရှိရင်ကိုယ်တော်တော် ပျင်းနေမှာ။ ကိုယ်တော်တော်ခံစားရမှာ။ ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ စကားပြောနိုင်အောင် ၊ စာအဆက်အသွယ်တွေရအောင်သူလုပ်ပေးတာ။
ကိုယ်ကသီချင်းလေးနားထောင်ချင်တယ်ဆိုရင်လည်းအစဉ်ပြေတာပဲ ၊ ကိုယ်ကသိပ်ပျင်းနေပြီကွာ...ရုပ်ရှင်လေးပြပါအုံးဆိုလည်း သူကမငြီးငြူဘူး။
တစ်ခါတလေတော့ ကိုယ်က game ဆော့ချင်ပြန်ရော။ သူကတော့ ဒါဆိုလည်း အေးဆေး game ဆော့လို့ရအောင်လုပ်ပေးပြန်တာပဲ။
ဟိုတစ်နေ့ကတော့ သူဘာဖြစ်သွားလဲမသိဘူး။ ကိုယ်ဘာမှသူ့ကိုခိုင်းလို့မရတော့ဘူး။ သူဘာမှအလုပ်မလုပ်တော့ဘူး။
ကိုယ့်ကိုစိတ်ဆိုးသွားပြီထင်တယ်။ နောက်မှသိရတာက သူတော်တော်နေမကောင်းဖြစ်သွားတာ။ အဲဒီတော့မှ ကိုယ်လဲ စိတ်ပူပြီး သူ့ကိုဆေးကုရတာပေါ့။
ကိုယ်က ဆေးကုတတ်တာတော့မဟုတ်ဘူး။ ဒါပေမယ့် ဒီလိုပဲ သိတဲ့လူတွေကို ဟိုမေး ဒီမေးလုပ်ပြီး... ဟိုလုပ်ဒီလုပ်။
သူကိုယ့်ဆီ ရောက်လာတာတစ်နှစ်ကျော်နှစ်နှစ်နီးပါးလောက်တော့ရှိပြီ။ အဲဒီအတောအတွင်းလဲ ကိုယ်သူ့ကိုပြုပြင်ပြောင်းလဲထားတာတွေတော့ရှိတာပေါ့လေ။
ကိုယ်သုံးချင်တာလေးတွေ လွယ်လွယ်ကူကူသုံးရအောင်ပေါ့။
တစ်ခါတုံးကတော့သူ့ကိုအိမ်မှာဘယ်လိုမှ ဆေးကုလို့မရတဲ့အဆုံး ဆေးရုံတင်လိုက်ရတယ်။
သူ့ရဲ့အထဲကမှတ်ညဏ်တစ်ချို့ပျက်စီးသွားလို့ အစားထိုးလိုက်ရတယ်။ ခုတစ်ခါကတော့ အရင်တစ်ခေါက်လောက်မဆိုးဘူး။ အဲဒီတော့ အိမ်မှာပဲဆေးမီးတိုလေးနဲ့ကုကြည့်တယ်။
ခုတော့ဘယ်လိုမှ မရတော့တဲ့အဆုံးမှာတော့ သူ့ကို နဂိုပုံစံလေး ကိုယ့်ဆီကိုရောက်လာတုံးက အခြေအနေလေးနဲ့ပဲ အကောင်းဆုံးဖြစ်အောင်လုပ်ယူလိုက်ရတယ်။
နောက်ဆုံးတော့ သူ့ပြန်ကောင်းလာတယ်။ ကိုယ့်ဆီကိုစရောက်တုံးကပုံစံလေးအတိုင်းပါပဲ ပေါ့ပါးသွက်လက်လို့ပေါ့။ ကိုယ့်မှာတော့ ဖတ်ဖတ်ကိုမောသွားတာပဲ......ကိုယ့်ရဲ့တစ်ခုတည်းသော ကွန်ပျုတာလေးပါ။
Hard disk ကို Format ချပစ်လိုက်မှပဲ အိုကေသွားတော့တယ်။ :-)

ကိုယ့်ရွာမှာတော့ကြက်ဖ ၊ သူများရွာမှာတော့ ကြက်မ
တစ်ခါတုံးက အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်လေးတစ်ခုမှာရှိတဲ့ တိရိစ္ဆာန်ရုံ တစ်ခုမှာ ခြင်္သေ့တစ်ကောင်ရှိသတဲ့။
အဲဒီခြင်္သေ့ကြီးဟာ တစ်နေ့ကို အသား 1 kg လောက် ပဲစားရလို့ အလွန်အမင်းစိတ်မကျေမနပ်ဖြစ်တယ်တဲ့။
နောက်ပြီးအမြဲတမ်းလဲတွေးနေတယ် ဒီလိုတောမြို့က တိရိစ္ဆာန်ရုံမှာနေရတာကိုလည်း တွေးတွေးပြီးစိတ်မချမ်းသာဖြစ်နေတယ်။
တခြားကောင်းတဲ့နိုင်ငံကြီးတွေကိုလည်းသွားချင်နေလေရဲ့။ အသားများများပိုစားချင်တာကိုး။ ဒီလိုနဲ့တစ်နေ့တော့ သူ့ဆန္ဒတွေပြည့်ဝဖို့ အကြောင်းဖန်လာတယ်။
ဘာလဲဆိုတော့လူနှစ်ယောက်က သူ့ကိုပြောတယ်လေ သူ့ကို အမေရိကန်က တိရစ္ဆာန်ရုံတစ်ခုကိုပို့ချင်တဲ့အကြောင်း။
ခြင်္သေ့ကြီးက အလွန်အလွန့်ကိုပဲ ၀မ်းသာသွားတယ်။ ဒါဟာသူ့အတွက်တကယ့်ကိုအခွင့်အရေးကြီးတစ်ခုပဲ။
နောက်ပြီးစဉ်းစားတယ်...ဟိုရောက်ရင်တော့ တစ်နေ့ကို ဆိတ်တစ်ကောင်စားရမှာလား ဆိတ်နှစ်ကောင်လားဆိုပြီး စိတ်ကူးတွေယဉ်နေလေရဲ့။
အဲလိုနဲ့ သူ့ကို အမေရိကန် ကိုပို့လိုက်ကြတယ်။ ရောက်တဲ့နေ့မှာပဲ သူ့အတွက်ဆိုပြီးတော့ ကောင်လေးတစ်ယောက်ကအစာလာပေးတယ် အိပ်ကြီးတစ်လုံးပါ။
ဒါနဲ့သူကတကိုယ်တည်းပြောတယ်။ ဟာ...တွေ့လား အိပ်ကြီးက အကြီးကြီးပဲ ဆိတ်တစ်ကောင်လောက်တော့ရှိမယ်ပေါ့။
ကမန်းကတန်းအိပ်ကိုဖွင့်ကြည့်လိုက်တော့ သူထင်သလိုမဟုတ်ပဲ အထဲမှာ ငှက်ပျောသီးတွေဖြစ်နေတယ်။ သူစိတ်ထင် သူ့ကိုမှားပြီးလာပေးတယ်ပေါ့။
နောက်တစ်ရက်ရောက်ပြန်တော့လဲ ငှက်ပျောသီးပဲဖြစ်နေတယ်။ သုံးရက်မြောက်နေ့ကျတော့ သူဘယ်လိုမှ စိတ်မထိန်းနိုင်တော့ဘူး.. အရမ်းလည်းဒေါသထွက်နေပြီ။
အဲဒါနဲ့ အစာလာပေးတဲ့ကောင်လေးကိုလှမ်းခေါ်ပြီးတော့ပြောတယ်... သိပ်ကိုဒေါသထွက်နေတော့လေသံမာမာနဲ့ ငါဟာခြင်္သေ့ တောဘုရင်ဖြစ်တယ်။
နေ့တိုင်းငှက်ပျောသီးလာကျွေးနေတာဟာ ငါ့ကိုစနောက်နေသလိုဖြစ်နေတယ်။
ငါဟာ အသားပဲစားတာဆိုတာ သိမှသိရဲ့လား..ဘာလားပေါ့ သိပ်ကိုစိတ်ဆိုးနေတာကိုး။ ဒါနဲ့ကောင်လေးကရိုရိုသေသေလေးနဲ့ပြန်ပြောတယ်။
ဟုတ်ပါတယ် ခြင်္သေ့မင်း...ခြင်္သေ့မင်းဟာတောဘုရင်ဆိုတာလဲသိပါတယ်။ အသားပဲစားတယ်ဆိုတာလည်းသိပါတယ်။
အခုဘာဖြစ်လို့ ခြင်္သေ့မင်းကို ငှက်ပျောသီးကျွေးရလဲဆိုတော့ ခြင်္သေ့မင်း ဒီကိုလာတာဟာ ခြင်္သေ့ ဗီဇာနဲ့လာတာမဟုတ်ပါဘူး...
မျောက်ဗီဇာနဲ့လာရလို့ ငှက်ပျောသီးပဲ ကျွေးရတာပါလို့ယဉ်ကျေးစွာပြန်ပြောပါတယ်။
ပုံပြင်လေးကတော့ဒီလောက်ပါပဲ။ ကျွန်တော်တို့တွေလည်း သူများနိုင်ငံမှာ အလုပ်လာလုပ်ကြတယ် အကြောင်းအမျိုးမျိုးနဲ့လာကြတယ်။
ကိုယ်အိမ်မှာတော့ ကိုယ်ကရှင်ဘုရင်ဖြစ်ကောင်းဖြစ်မှာပါ... သူများဆီမှာတော့ ဘုရင်မဖြစ်နိုင်တာ ၉၉ရာခိုင်နှုံးသေချာပါတယ်။
ဘာဖြစ်မလဲဆိုတာတော့တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ ကျွန်တော်လည်းမသိပါဘူး.... :-P
မြန်မာစကားပုံမှာလဲ ရှိပါတယ်... လူကြီးတွေပြောတာကြားဖူးတာတော့....
ကိုယ့်ရွာမှာတော့ကြက်ဖ ၊ သူများရွာမှာတော့ ကြက်မ.....မှားရင်လည်းပြင်ပေးကြပါအုံး...:-)

Saturday, February 6, 2010
ပြုံးရုံလေးပဲ ပြုံးပါ
လာဘ်ပေးလာဘ်ယူ
လပတ်အစည်းအဝေးတစ်ခုတွင်ဖြစ်သည်။
ဌာနဆိုင်ရာလူကြီး - ငါတို့ရုံးမှာ လာဘ်ပေးလာဘ်ယူ အရမ်းများနေတယ်လို့ သတင်းတွေထွက်နေတယ်။ အဲဒီတော့ ဒီနေ့က စပြီး ဒီရုံးမှာ လာဘ်ပေးလာဘ်ယူ မလုပ်ရဘူး။ အားလုံးနားလည်ရဲ့လား။
လက်အောက်ငယ်သားများအားလုံးကတညီတညွတ်တည်း ခေါင်းငြိမ့်ကြတယ်။
နောက်တလ အစည်းအဝေးတွင်
ဌာနဆိုင်ရာလူကြီး - အရင်တစ်လက အစည်းအဝေးမှာပြောထားတယ်။ ဘယ်သူမှမလိုက်နာကြဘူးလား။ အခုထိ လာဘ်ပေးလာဘ်ယူ လုပ်နေဆဲပဲ။ ဘယ်လိုဖြစ်တာလဲ ပြောကြစမ်းပါအုံး။
လက်အောက်ငယ်သားတစ်ယောက် ထပြီး အသံခပ်နိမ့်နိမ့်ဖြင့်
ကျွန်တော်တို့အားလုံးလိုက်နာပါတယ်ခင်ဗျာ။ ဘယ်သူမှ ရုံးမှာ လာဘ်ပေးလာဘ်ယူ မလုပ်ကြပါဘူး။ အိမ်မှာလာပေးတာပဲယူပါတယ်။ မယုံရင် ဆရာ့ဇနီးကိုမေးကြည့်ပါခင်ဗျာ။
လူလိုလို့
မန်နေဂျာ - MD office အတွက်လူလိုတယ်ဆိုလို့ ကောင်မလေးတစ်ယောက်ကို ကျွန်တော် အင်တာဗျူးလုပ်ထားပြီးပါပြီ။ အရေးကြီးတဲ့ မေးခွန်းတွေအကုန်မေးထားပါတယ်။
လိုအပ်တဲ့ အောက်ဖော်ပြပါ ၊ အထက်ဖော်ပြပါ အရည်အချင်းတွေနဲ့လဲပြည့်စုံတယ်။ ရုပ်ချောတယ် ၊ ကိုယ်လုံးကိုယ်ပေါက်ပြောစရာမရှိ ၊ အသက်က ၁၈ နှစ် ၊ အရင်ကအလုပ်မလုပ်ဖူးဘူး ၊ ရည်းစားမရှိဘူး ၊ ကော်ဖီဖျော်တတ်တယ်။
MD - ဒီနေ့က စပြီးအလုပ်ခန့်လိုက်တော့။ သူ့အတွက် စားပွဲတစ်လုံး ငါ့ရဲ့အခန်းထဲမှာ စီစဉ်လိုက်။
လက်ဖွဲ့
သမီးရည်းစားနှစ်ယောက်တွေ့ကြတော့
ကောင်လေး - မေရယ် မောင်တို့လက်ထပ်ကြရအောင်နော်။
ကောင်မလေး - ဘယ်တော့လဲမောင်။
ကောင်လေး - မေရဲ့ဖေဖေ ပင်စင်မယူခင်လေ။
ရှဲဒိုး
သမီးငယ် - မေမေ သမီးကြီးလာရင် မေမေ့လို စာရေးဆရာမကြီးလုပ်မယ်နော်။
အမေ - သမီးကဘာလို့ စာရေးဆရာမလုပ်ချင်တာလဲကွယ်။
သမီးငယ် - ဘာမှမလုပ်ပဲ ပိုက်ဆံရတယ်လေ။
ထီပေါက်ရင်
အတန်းထဲတွင် ဆရာမ ကကျောင်းသားတစ်ယောက်ကိုမေးတယ်။
ဆရာမ - သား ထီပေါက်လို့ ပိုက်ဆံတွေအများကြီးရရင် ဘာလုပ်မလဲ။
ကျောင်းသား - ပိုက်ဆံလုပ်တဲ့စက်ဝယ်မယ် ဆရာမ။
ဘဲဥသုံးလုံး
သားငယ် - မေမေ ဘဲဥတစ်လုံးကိုဘယ်လောက်ပေးရလဲဟင်
အမေ - တစ်လုံးကို ၂၀၀ ပေးရတယ်
သားငယ် - ဒါဆို သားကပိုများတာပေါ့။ ဒီနေ့ အတန်းထဲမှာ ဆရာမက အရင်လကစစ်တဲ့ စာမေးပွဲရဲ့ အမှတ်တွေ ပြောတယ်မေမေ။ အတန်းရဲ့ရှေ့ဆုံးမှာ ထိုင်တဲ့ကောင်မလေးကို အမှတ် ၃၀၀ နဲ့ပထမရတယ်လို့ပြောတယ်။ သားကိုတော့ ဘဲဥ သုံးလုံးလို့ပြောတယ်မေမေ။

Tuesday, January 26, 2010
မေမေ့ယတြာတားမရပါ
ကျွန်မတို့ငယ်ငယ်ထဲက မေမေက ဗေဒင်မေးတဲ့အကျင့်ရှိပါတယ်။ တစ်ခုခုလုပ်တော့မယ်ဆိုတိုင်း ဗေဒင်သွားမေး ၊ ယတြာချေ။ တစ်ခါတလေ အရေးကြီးရင်ဗေဒင်ဆရာတစ်ယောက်နဲ့ အားမရသေးဘူး နောက်တစ်ယောက်ဆီထပ်သွား ၊ ထပ်မေး။ အကြားအမြင်ဆိုလည်းသွားလိုက်တာပဲ။ ဒီနေ့ ပြသဒါးနေ့ မို့ဒါမလုပ်ရသေးဘူး။ ရက်ရာဇာကိုရွေးပြီးလုပ်တယ်။ စုံနေတာပဲ။ ဘယ်ချိန်မှာဘာလုပ်ရမယ်ဆိုတာလည်းရှိရဲ့။ ကျွန်မတို့ စားမေးပွဲဖြေမယ်ဆိုလဲ မေမေမှာ ဟိုဟာလုပ်ပေးရ ၊ ဒီဟာအဆောင်ယူခိုင်းရနဲ့ရူတ်နေတာပါပဲ။ အဲဒီလိုကြားထဲမှာ ကြီးပြင်းလာတဲ့ကျွန်မအတွက်တော့တစ်ခါတစ်လေ မေမေ့ကိုတောင်သနားမိပါတယ်။ အဲဒီလောက်ထိလိုက်လုပ်နေဘို့ မလိုပါဘူးမေမေရယ်။ တော်ရုံဆိုတော်ပါတော့လို့ ကျွန်မ မကြာခဏပြောတတ်တယ်။ အဲဒီလိုပြောရင်မေမေ မကြိုက်ချင်ပါ။ သူကစေတနာနဲ့အားလုံးတွက်ကောင်းအောင်လုပ်နေတာဆိုပြီး ဆူပူတတ်ပါတယ်။ အရင်တုံးကဖေဖေလဲပြောပေမယ့် နောက်တော့ဘာမ ကြီးကြီးကျယ်ကျယ်မပြောတော့ပါဘူး။ သိပ်ပြီးတိုက်ဆိုင်လို့ပဲဖြစ်ဖြစ် တစ်ခါတစ်လေ မေမေ့ရဲ့ဗေဒင်က မှန်ရင်တော့ မေမေပြောလို့မဆုံးတော့ပါဘူး။ အဲဒါကြောင့်ပြောတာပေါ့။ ယတြာကောင်းရင် မင်းလောင်းဖြစ်တယ်ဆိုတာလေ။ မှားသွားရင်လဲ သူကအလျှော့ပေးတာတော့မဟုတ်။ ယတြာလုပ်တာပဲတစ်ခုခုလိုသွားသလိုမျိုး။ တစ်ခါတစ်လေ မေမေကသူလုပ်ပေးလို့ရတာ လုပ်ပေးပေမယ့် ကျွန်မတို့ကိုယ်တိုင်လုပ်ရမယ် ဆိုရင်လည်းသူက မဖြစ်မနေမရမကကိုလုပ်ခိုင်းတာပါ။ တစ်ခါတစ်လေ စိတ်ညစ်စရာကောင်းပေမယ့် မေမေလည်းစိတ်ချမ်းသာ ၊ ကိုယ်လည်းဘယ်လိုပဲဖြစ်ဖြစ်ဒါလေးလုပ်လိုက်ရလို့ ဘာမှအကျိုးယုတ်သွားတာမဟုတ် ၊ မေမေပြောသလို ကိုယ့်အတွက်ပိုအကျိုးရှိရင်ရှိမှာပါလေဆိုပြီးလိုက်လုပ်ပေးလိုက်တာများပါတယ်။
ဒီလိုနဲ့ကျွန်မ အစ်ကိုကြီး မိန်းမယူမယ်ဆိုတဲ့အချိန်မှာတော့ မေမေဟာ အစ်ကိုယူမယ့်မိန်းမနဲ့နေ့နံကိုက်မကိုက် ၊ အစဉ်ပြေမပြေ ၊ စီးပွါးဖြစ်မဖြစ် ၊ အစုံအစုံ အကုန်လိုက်တွက်ပါတယ်။ သူ့စိတ်ကြိုက် မင်္ဂလာရက်သတ်မှတ် အချိန် နေရာ အကုန်အသေးစိတ်စီစဉ်ပြီး မှမင်္ဂလာဆောင်ပေးခဲ့ပါတယ်။ "မေမေရဲ့ ဗေဒင်ဆရာကဘာတွေထပ်ပြီးညွှန်ကြားအုံးမှာလဲ မေမေ" လို့ အစ်ကိုကြီးက စ နောက်နေခဲ့တယ်။ မေမေကတော့ ဒါကအရေးကြီးတယ်။ သားဘ၀တစ်ခုလုံးနဲ့ဆိုင်တယ်။ အဲဒီတော့မေမေကတော့ တတ်နိုင်လောက်အကုန်လုပ်ရမှာပဲလို့ခပ်သွက်သွက် ပြန်ပြောခဲ့တယ်။ အစ်ကိုကြီးတို့အိမ်ထောင်ရေးဟာ မေမေဘယ်လိုပဲဗေဒင်တွေ ရက်ကောင်းရက်မြတ်တွေရွေးပြီး မင်္ဂလာဆောင်ခဲ့ပေမယ့် ထင်သလောက်အစဉ်မပြေခဲ့ပါဘူး။
အဲဒီလိုနဲ့ကျွန်မအလှည့်မှာတော့ မေမေ့ကိုဖွင့်ပြောတိုင်ပင်ပြီးပြောယုံပဲရှိပါသေးတယ်။ ထုံးစံအတိုင်းမေမေ ဟာ ဗေဒင်တွေမေး ၊ အကြားအမြင်ဆိုတာတွေသွားပြီး အလုပ်ရူတ်နေခဲ့ပါတယ်။ တစ်ရက်တော့မေမေက ကျွန်မကိုဖွင့်ပြောလာပါတယ်။ ကျွန်မ နဲ့ ကျွန်မရဲ့ချစ်သူကို သဘောမတူနိုင်ဘူး။ သဘောမတူနိုင်ဘူးဆိုတာထက် သဘောတူလို့မဖြစ်ဘူး။ သမီးသူ့ကိုယူလို့မဖြစ်ဘူးလို့ပြတ်ပြတ်သားသားပြောလာပါတယ်။ ဒါဟာနောက်စရာမဟုတ်ဘူးလေမေမေ။ ဘာလို့ဒီလိုပြောရတာလဲဆိုတော့ သမီးတို့နှစ်ယောက်ကိုမေမေ သေချာတွက်ကြည့်ပြီးပြီ။ ဘယ်လိုမှမဖြစ်နိုင်ဘူး။ မေမေတကယ်ပြောနေတာလား။ ကျွန်မ မယုံကြည်နိုင်လောက်အောင် မေမေကပြတ်သားနေတာ။ အစ်ကိုကြီးတုန်းကလဲ မေမေသေချာတွက်ခဲ့တာပဲ။ ခုတော့အစဉ်မှမပြေတာ မေမေရယ်။ ဗေဒင်တွေကအကုန်ယုံလို့မှမရတာ။ ကျွန်မပြောသမျှအားလုံးက အချည်းနှီးပါပဲ။ မေမေ့ရဲ့ပြောစကားတွေကိုကျွန်မ ဘယ်လိုမှ မကြားနိုင်လောက်အောင်ပါပဲ။ ကျွန်မတို့နှစ်ယောက်ယူရင် ကျွန်မရဲ့အသက်အန္တရာယ်ကိုစိုးရိမ်ရကြောင်း မေမေကလုံးဝမဖြစ်နိုင်တဲ့ဘက်ကနေပြောပါတယ်။ မိဘကိုမျက်ရည်ကျအောင်လုပ်တဲ့ သား သမီး ဘယ်တော့မှ ကိုယ်လည်းစိတ်ချမ်းသာမှာ မဟုတ်ဘူး ၊ ဘယ်တော့မှကြီးပွားမှာမဟုတ်ဘူး။ နောက်ဆုံးတော့ မေမေ့ရဲ့မိခင်မေတ္တာကို ကျွန်မဘယ်လိုမှ ကျော်ပြီးမသွားနိုင်ပါဘူး။ ကျွန်မအရှုံးပေးလိုက်ပါပြီ။ အစ်ကိုကြီးတို့အိမ်ထောင်ရေး အစဉ်မပြေမှု တစတစနဲ့သူတို့တရားဝင်ကွာရှင်းလိုက်ပါတယ်။ ကျွန်မ မေးချင်လိုက်တာ.... မေမေ့ကိုသူတို့မယူခင်က မေမေ့ရဲ့ဗေဒင်ဆရာတွေက ဒီမိန်းမကိုယူရင် ကွဲကိန်းမြင်တယ်လို့မဟောလိုက်ဘူးလား မေမေရယ်လို့။ ကျွန်မ မမေးရက်ပါဘူး။ စိတ်ညစ်နေတဲ့မေမေ့ကို ကျွန်မ ဘယ်လိုဖြေသိမ့်ရမလဲပဲစိတ်ကူးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မေမေ ဗေဒင်သွားမေးတဲ့အလုပ်ကိုသိပ်မလုပ်တော့ပါဘူး။ မေမေလည်းပင်ပန်းနေပြီပေါ့။ မေမေဟာဗေဒင်မေး ယတြာချေတာထက် ခုတော့ တရားရိပ်သာဝင် ၊ ဥပုသ်သီလစောင့် ၊ အိမ်မှာလည်း တရားထိုင် ၊ ပုတီးစိပ်အလုပ်တွေပဲလုပ်ပါတော့တယ်။
အခုတော့ ကျွန်မ မေမေ့စိတ်တိုင်းကျတဲ့ အိမ်ထောင်တစ်ခုကို ကျွန်မထူထောင်ခဲ့ပါပြီ။ ကျွန်မ သားဦးလေးကိုတောင်ကျွန်မ မွေးဖွားရတော့မှာပါ။ ကျွန်မရဲ့သားလေးက ဗိုက်ထဲမှာ အနေအထားသိပ်မမှန်တာကတစ်ကြောင်း ၊ ကျွန်မအသက်အရွယ်အရပါ ဆရာဝန်က ကျွန်မကိုခွဲမွေးမှ သင့်တော်မယ်လို့အကြံပေးပါတယ်။ အဲဒါကိုမေမေ့ကိုပြောတော့ မေမေက "သမီးက သားလေးကိုခွဲမွေးမှာဆိုတော့ ဘယ်နေ့မှာမွေးရင်ကောင်းမလဲဆိုတာရွေးရမှာပေါ့တဲ့။ သူများတွေလည်းနေ့ကောင်းရက်သာရွေးပြီးခွဲမွေးကြတာ။ ဘယ်နေ့ကောင်းလဲတွက်ကြည့်ရမယ်လို့ပြောပါတယ်" ကျွန်မလည်း ဆရာဝန်နဲ့တိုင်ပင်ပြီး ဘယ်နေ့နောက်ဆုံးထားပြီးမွေးရမလဲ ဘယ်ရက်လောက်ဆိုသင့်တော်မလဲဆိုတာတွေ မေးပြီးတော့ မေမေ့ကိုပြန်ပြောရပါတယ်။ မေမေကထုံးစံအတိုင်း ဘာနေ့သား ၊ ဘယ်ရက် ၊ ဘယ်အချိန် ကောင်းမယ် ဆိုတာကအစ ၊ ဘယ်လိုနံမည်ပေးမယ်ဆိုတာအဆုံး အကုန်လုံး လိုက်ပြီးတွက်ပါတယ်။ ကံကောင်းချင်တော့ ဆရာဝန်ကလည်းမေမေပြောတဲ့ရက်နဲ့ အချိန် (မနက်စောစော) ကို မွေးပေးနိုင်တယ်လို့ပြောပါတယ်။ မေမေကတော့ အတော်ကိုဝမ်းသာနေပါတယ်။ မွေးမယ့်ရက်ကိုပဲလက်ချိုးပြီးစောင့်နေတယ်။ ဆေးရုံတက်ဖို့လိုအပ်တဲ့အသုံးအဆောင် ၊ ကလေးအတွက်လိုအပ်ရာရာ... အားလုံးပြည့်စုံအောင်စီမံပြုလုပ်ပါတယ်။ မေမေမွေးစေချင်တဲ့ရက်မရောက်ခင် နှစ်ရက်အလိုမှာတော့ ကျွန်မဗိုက်နာလာပါတယ်။ ချက်ချင်းပဲ ဆရာဝန်ဆီဖုံးဆက်တော့ ဆရာဝန်က ဆေးရုံကိုချက်ချင်းလာဖို့ပြောပါတယ်။ ဆေးရုံရောက်တာနဲ့ ကျွန်မလည်းခွဲခန်းထဲတန်းဝင်ရပါတယ်။ မေမေရဲ့မြေးလေးက မေမေတွက်ထားတဲ့ရက်ထက် နှစ်ရက်တိတိစောပြီးလူ့ပြည်ကိုရောက်လာပါတယ်။ မေမေမွေးစေချင်တဲ့မနက်စောစောမှာတော့ မွေးခဲ့ပါတယ်။ ကျွန်မကတော့ ဘယ်လိုပဲဖြစ်ဖြစ်ဘယ်နေ့မှာပဲ မွေးမွေး ချစ်မှာပါပဲ။ မေမေလည်းသူ့ရဲ့မြေးဦးလေးကို ကြည့်မ၀ ၊ ရှုမ၀ အရမ်းကိုချစ်နေတာပါ။ ဒီတစ်ခါတော့ ဖေဖေကပြောပါတယ် လူတိုင်းမှာမွေးထဲက ကိုယ့်ကံကြမာနဲ့ကိုယ်ရှိကြပြီးသားလေ။ အဲဒါကိုဟိုနေ့မှ မွေးမယ် ဒီနေ့ကောင်းတယ်ဆိုပြီး တားထားလို့မရပါဘူး။ သူ့ကံအတိုင်း သူ့ဘာသာဖြစ်လာတာပဲ။ ဘာနဲ့မှတားဆီးလို့မရသလို အတင်းလုပ်ယူလို့လဲမရပါဘူး။ အခုငါ့မြေးလေးကသူ့အဖွားကို သင်ခန်းစာပေးလိုက်ပြီဟေ့... ဆိုပြီးရီနေပါတယ်။ မေမေ ဘာမှပြန်မပြောပါ...ဖေဖေ့ကို တချက်မျက်စောင်းလှမ်းထိုးပြီး မေမေလဲလိုက်ရီနေပါတယ်....

Subscribe to:
Posts (Atom)