သူမ ဟင်းကိုမြည်းကြည့်လိုက်တယ်။ ဘာလိုနေမှန်းမသိ ပေါ့သလိုလို ဘာအရာသာမှ မရှိ။
ဒီလိုဟင်းမျိုးအိမ်မှာတစ်ခါမှမစားဖူးဘူး။ ခုတော့ ကိုယ်တိုင်လက်ရာဆိုတော့ငြင်းလို့မရ။
ပုံမှန်ဆိုရင်တော့ ဘာဖြစ်ဖြစ်စားနေကျပဲ။ ကြော်လှော်ပြီးသား အိမ်ကပို့တဲ့အခြောက်အခြမ်းလေးတွေနဲ့ ဘာညာ အစဉ်ပြေနေတာ။
ခုတော့နေမကောင်းတော့ ဘာမှမစားချင်။ စားချင်စိတ်မရှိတော့ ချက်ဖို့လည်းစိတ်မပါ။ ချက်ဖို့လည်းအားကမရှိ။ အိပ်ယာထဲကနေခေါင်းထောင်ဖို့ကို မနည်းအားယူနေရတယ်။
အိမ်မှာဆိုရင်တော့ အမေကမကောင်းကောင်းကြောင်းလေးတွေချက်ပြီးကျွှေးမှာ။ နေမကောင်းတယ်ဆိုပိုတောင်ဂရုစိုက်ပေးတာကိုး။
ခုတော့တစ်ယောက်ထဲဆိုတော့ မစားချင်ရင်ထမစားတော့။ ဆေးကမသောက်မဖြစ်သောက်ရအုံးမှာဆိုတော့မစားလို့ကလည်းမဖြစ်ပြန်။
တော်ကြာ ရောဂါကြောင့်မသေပဲအစာမရှိပဲဆေးသောက်မိလို့သေနေမှဖြင့်... ကိုယ့်ဟာကိုယ်ဆုံးမပြီးစားရမယ် စားရမယ်။
မနက်ကတော့ အိပ်ယာထဲကနေခေါင်းထောင်ပြီး အနားမှာရှိတဲ့နွားနို့နဲ့ဘီစကွတ်မုန့် ကိုမစားချင်စားချင်အတင်းမျိုချ။
ဆေးသောက်ပြီးပြန်အိပ်။ နေ့လည်တနေ့လည်လုံးကို အိပ်နေတာ။ အနားမှာရှိတဲ့ကွန်ပျူတာကတော့ဖွင့်ထားဆဲ။
Gtalk ရဲ့ Status Message မှာနေမကောင်းဘူး လို့ရေးထားတော့ Online မှာသူငယ်ချင်းတွေက သတင်းလာမေး... ကိုယ်ကတော့ပြန်မဖြေနိုင်။
့ခုလိုမျိုးနေမကောင်းတော့ အိမ်ကိုပဲအထပ်ထပ်သတိရ... အိမ်မှာဆို ဆေးခန်းသွားမယ်ဆို တစ်ယောက်ကတော့လိုက်ပို့တာပဲ။ အမေကတော့ ကိုယ့်အနားမှာတစ်ချိန်လုံး ရှိနေတာပဲ။ ခုတော့ ဘယ်သူမှအနားမှာမရှိ။
သူငယ်ချင်းတွေတော့ရှိပါရဲ့။ အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ် အဝေးတစ်နေရာဆီမှာနေကြတာ ဖုံးဆက်ပြီးသတင်းမေးတာကလွဲလို့ ကိုယ့်အမေလိုတော့ ဘယ်သူကအိမ်လာပြီး ဆန်ပြုတ်ပြုတ်တိုက်နေမလဲ။
ဆေးခန်းကိုလည်းကိုယ့်ခေါင်းကိုယ်မပြီး မရောက်ရောက်အောင်သွား။ ဒါပဲရှိတယ်။
Rice Cooker ထဲမှာအသားတွေရောအသီးအရွက်ရော အားလုံးစုပြုံထည့်ပြီးပြုတ်ထားလိုက်တာ။ ၁၅ မိနစ်လောက်နေတော့မှ ပြန်သွားကြည့်ပြီးမီးပိတ်လိုက်တယ်။ မီးဖိုနားနေပြီးချက်ပြုတ်နေဖို့ရာအားမရှိ။
ကောင်းကောင်းမကောင်းကောင်း ဒါပဲစားတော့ဖို့ရှိတယ်။ ဒါတောင် တနင်္ဂနွေနေ့က မပျင်းမရိဈေးလေးသွားထားလို့ အသားလေးအရွက်လေးရှိနေသေးတာ။
မဟုတ်ရင်တော့ ဘီစကွတ်ပဲပြန်စားရမဲ့ပုံ။ အပြင်ထွက်ပြီးဝယ်ဖို့ရာလည်း ၁၀မိနစ်ကျော်ကျော်လောက်လမ်းလျှောက်မှရောက်မယ့်နေရာ။ ထပြီးချက်စရာရှိနေတာပဲ တော်တော်ကံကောင်းနေပြီ။
အရသာမရှိတဲ့ဒီစွပ်ပြုတ်ကိုပဲ ပန်းကန်ထဲထည့်လိုက်တယ်။ စားချင်ချင်မစားချင်ချင်စား ကောင်းကောင်းမကောင်းကောင်းစား။ ကိုယ်တစ်ယောက်ထဲမှမဟုတ်။
ကိုယ်လိုပဲ မိဝေးဘဝေးမှာတစ်ယောက်ထဲလာပြီး ကိုယ့်ဘ၀ကိုယ်ရုန်းကန်နေရသူတွေ မနည်းပါ။ ကိုယ့်ထက်ဆိုးတဲ့လူတွေလည်းအများကြီးပါ။ ကိုယ့်ထက်ငယ်တွေသူတွေတောင် ဒီလိုပဲ ဘ၀ကိုရုန်းကန်နေရသေးတာ။
ကိုယ့်ဟာကိုယ်အားပေး....အားတင်းပြီးအတင်းမျိုချနေရမယ့် တားမရတဲ့မျက်ရည်တွေကပါးပြင်ပေါ်မှာ.....
Tuesday, July 20, 2010
Subscribe to:
Posts (Atom)